ပဋ္ဌာန်း ဆိုသည်မှာ အမျိုးမျိုးသော အကြောင်းတရားများကို လေ့လာဟောကြားသော တရားတော်ဖြစ်သည်။

အဘိဓမ္မာ (၇)ကျမ်း

၁။ ဓမ္မသင်္ဂဏီကျမ်း
၂။ ဝိဘင်းကျမ်း
၃။ ဓာတုကထာကျမ်း
၄။ ပုဂ္ဂလပညတ်ကျမ်း
၅။ ကထာဝတ္ထုကျမ်း
၆။ ယမိုက်ကျမ်း
၇။ ပဋ္ဌာန်းကျမ်း

မြတ်စွာဘုရားရှင်သည် အဘိဓမ္မာ ၇ကျမ်း ထဲမှ ရှေ့ ၆ကျမ်းကို ဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပဲ နောက်ဆုံးကျမ်းဖြစ်သော ပဋ္ဌာန်းဒေသနာတော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူသောအခါမှသာ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးလေသည်။

” သာသနာ့အလံတော်သည် ဘုရားရှင်၏ ရောင်ခြည်တော်ခြောက်သွယ်ကို အမှတ်အသားပြုထားခြင်းဖြစ်ပါသည်။ “

ပဋ္ဌာန်းတရားသည်အလွန်ကျယ်ပြန့်လှပါသည်။

၁။ သံသာရ သာဂရ – သံသရာပင်လယ်ကြီး။
၂။ ဇလ သာဂရ – ရေပင်လယ်ကြီး။
၃။ နယသာဂရ – နည်းပင်လယ်ခေါ်တဲ့ပဋ္ဌာန်းကျမ်းကြီး။
၄။ ဉာဏသာဂရ – ဉာဏ်ပင်လယ်ကြီး။ (ဘုရားရှင်၏ သဗ္ဗညုတ ဉာဏ်တော်)

ထိုသာဂရ (၄)မျိုးတို့မှ ပဋ္ဌာန်းကျမ်းကြီးအား အလွန်ကျယ်ဝန်းလှတဲ့ နယသာဂရကျမ်းကြီးအဖြစ် မှတ်တမ်းတင်ခြင်းခံရသောကြောင့် အနန္တနယသမန္တပဋ္ဌာန်းကျမ်းကြီးလို့ခေါ်ဆိုကြပါသည်။

ပဋ္ဌာန်းကျမ်းကြီးအား ဆဋ္ဌသံဂါယနာတင်ရာ၌ ပုံနှိပ်ရာတွင် (ပါဠိလိုအကျဉ်းချုံ့ထားသော)စာအုပ်ရေ အုပ်ရှိပြီး စာမျက်နှာပေါင်း ၂၆၄၀ တိတိရှိပါတယ်။

ပဋ္ဌာန်းကျမ်းတော်ကြီးမှာ ပါဠိအားဖြင့် အနန္တ အပရိမာဏ အဆုံးမရှိလောက်အောင် များပြားကျယ်ဝန်းလှသောကြောင့် တစ်စုံတစ်ယောက်မှ ထိုကျမ်းကြီး၏ ပုဒ်အစဉ်အား အနက် အဓိပ္ပါယ် ပြည့်စုံအောင် ဖွင့်ဆိုပြနိုင်ဖို့ ကြိုးစားမည်ဆိုပါက အသက်ကုန်ဆုံးသည်တိုင်အောင်ပြီးဆုံးနိုင်မည်မဟုတ်ဟုပင် ဆိုကြပါသည်။

ထို့ကြောင့် ဤမျှလောက်များပြားကျယ်ဝန်းတဲ့ ပဋ္ဌာန်းကျမ်းကြီးကို မြတ်စွာဘုရားရှင်(၂၅)ရက်အတွင်းပြီးစီးအောင် ဟောတော်မူနိုင်ခြင်းနှင့်ပတ်သတ်၍ မြတ်စွာဘုရားစကားတော် လျင်မြန်ပုံအကြောင်းကိုသိထားသင့်ပါသည်။

သာမန်လူတစ်ယောက်စကားတစ် ခွန်းပြောဆိုချိန်မှာ မြတ်စွာဘုရားရှင်က ၁၂၈ခွန်း ပြီးအောင်ပြောဆိုနိုင်တာကြောင့် ဟောကြားနိုင်ခဲ့တယ်လို့ဆိုကြပါသည်။

မြတ်စွာဘုရားရှင်စကားတော်လျင်မြန်ရခြင်းအကြောင်းတရား လေးပါးရှိပါတယ်။

၁။ ဇိဝှါမုဒု=လျှာတော်၏ကျယ်ပြန့်ပါးလျနူးညံ့ခြင်း
၂။ ဒန္တဝရဏံ သုဖုသိတံ=နှုတ်ခမ်းတော် စေ့စပ်ထိမိခြင်း။
၃။ ဝစနံ အဂနိတံ=ပြောရာ ဟောရာ အခါ၌ လုံးကြွင်းလုံးကျ အထစ်အငေါ့မရှိခြင်း။
၄။ ဘဝင်္ဂပရိသောလဟုကော=ဘဝင်စိတ်အယဉ်လျင်မြန်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။

  • ပဋ္ဌာန်းတရားကို မြတ်စွာဘုရားရှင်က တာဝတိံသာနတ်ပြည်မှာ နတ်ဗြဟ္မာတို့ကို အကျယ်အားဖြင့်ဟောတော်မူခဲ့ပါသည်။ (အတိဝိတ္ထာရ ဒေသနာ)
  • လူ့ ပြည်တွင်အရှင်သာရိပုတ္တရာအား (မြတ်စွာဘုရားပြီးလျှင် ပညာအကြီးဆုံးဖြစ်တော်မူလို့ ) အကျဉ်းနည်းနဲ့ဟောတော်မူခဲ့ပါသည်။(အတိ သင်္ခေပဒေသနာ)
  • အရှင်သာရိပုတ္တရာက တပည့်ရဟန်းငါးရာကို မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် သင်ကြားပို့ချဟောကြားတော်မူခဲ့ပါသည်။(နာတိ ဝိတ္ထာရ နာတိသင်္ခေပ ဒေသနာ)

” ထို့ကြောင့် လူ့ပြည်တွင် ပဋ္ဌာန်းတရားပြန့်ပွားအောင် အရှင်သာရိပုတ္တရာမထေရ်က စတင်ဖြန့်ဖြူးခဲ့တယ်လို့ဆိုနိုင်ပါသည်။ “

ပဋ္ဌာန်းကို ၃ မျိုးအားဖြင့် ခွဲခြားဝေဖန်ကြသည်။

ပစ္စယုဒ္ဒေသ = ပစ္စယ + ဥဒေသ = ပစ္စည်း + အကျဉ်းဝေဖန်ခြင်း။
ပစ္စယနိဒ္ဒေသ = ပစ္စယ + နိဒ္ဒေသ = ပစ္စည်း + အကျယ်ဝေဖန်ခြင်း။
ပရိနိဒ္ဒေသ = ပဋ္ဌာန်းကို အကျယ် ဝေဖန်ခြင်း။

 

 ကျမ်းကြီးအနေဖြင့် ပဋ္ဌာန်းကျမ်းကြီး ၄ မျိုး ရှိသည်။

၁။ ဓမ္မာနုလောမ ပဋ္ဌာန်း – အကျဉ်း ၆ ကျမ်း
၂။ ဓမ္မပစ္စနီယပဋ္ဌာန်း – အကျဉ်း ၆ ကျမ်း
၃။ ဓမ္မာနုလောမ ပစ္စနီယပဋ္ဌာန်း – အကျဉ်း ၆ကျမ်း
၄။ ဓမ္မပစ္စနီယာနုလောမ ပဋ္ဌာန်း – အကျဉ်း ၆ ကျမ်း ဟူ၍ ဟောပုံဟောနည်းအရ ကျမ်း ၄ မျိုးရှိသည်။

ထို့ကြောင့် စုစုပေါင်း ၂၄ ကျမ်းဖြစ်သည်။

ဓမ္မာနုလောမ ပဋ္ဌာန်း – အကျဉ်း ၆ ကျမ်း ကို အကျယ်အားဖြင့် အောက်ပါအတိုင်းပြန်ခွဲသည်။

၁။ ဓမ္မာနုလောမ တိက ၂၂ ကျမ်း၊
၂။ ဓမ္မာနုလောမ ဒုက ၁၀၀ ကျမ်း၊
၃။ ဓမ္မာနုလောမ ဒုက တိက ၆,၆၀၀ ကျမ်း၊
၄။ ဓမ္မာနုလောမ တိက ဒုက ၄,၄၀၀ ကျမ်း၊
၅။ ဓမ္မာနုလောမ တိကတိက ၁,၃၈၆ ကျမ်း၊
၆။ ဒုက ဒုက ၁၉,၈၀၀ ကျမ်း ဟူ၍ ဖြစ်သည်။ ထို့ကြောင့် အကျယ်တွင် ဓမ္မာနုလောမ ပဋ္ဌာန်းအတွက် ၃၂၃၀၈ ကျမ်း ဖြစ်သည်။ သို့အတွက် စုစုပေါင်း ၁၂၉,၂၃၂ ကျမ်းဖြစ်သည်။


ပဋ္ဌာန်းကို နက်နဲမှုအရ ၄ မျိုးခွဲနိုင်သည်။ ဂမ္ဘီရ ၄ မျိုးဟုလည်း ခေါ်သည်။

ဓမ္မ ဂမ္ဘီရ = ဝေါဟာရ စကားလုံးနက်နဲခြင်း
အတ္ထ ဂမ္ဘီရ = အနက်အဓိပ္ပာယ် နက်နဲခြင်း
ဒေသနာ ဂမ္ဘီရ = ဟောပုံဟောနည်း နက်နဲခြင်း
ပဋိဝေဒ ဂမ္ဘီရ = ထိုးထွင်းသိမြင်နိုင်မှု နက်နဲခြင်း တို့ ဖြစ်သည်။